20 March 2015

အခြေခံဂီတသီအိုရီ - ၁၀

Compound Intervals
Compound Intervals မစခင်မှာ C major scales  ရဲ့ intervals များကို တစ်ခေါက်ပြန်ကြည့် လိုက်ပါ ။

၎င်း Intervals များကို octave ကျော်လွန်ပြီး ထပ်မံပေါင်းစပ်သောအခါ 9th , 10th ,11th ,12th စတဲ့ compound intervals များဖြစ်လာပါတယ် ။ အောက်ကပုံကိုကြည့်ပါ ။


ဒါတွေကတော့ C scale ရဲ့ compound intervals တွေပါ ။ ပေါင်းစပ်ပုံကို ဇယားဖြင့်အလွယ်တကူ မှတ်သားနိုင်ပါတယ် ။


ဒီနေရာမှာ မှားတတ်တာလေး တစ်ခုက … Octave က 8  , second  က 2 ဖြစ်တဲ့အတွက် 8+2=10 ဆိုပြီး တွက်မရပါ ။ 8 က Octave ဖြစ်သလို Root လည်း ဖြစ်ပါတယ် ။  2nd ဆိုတာ  degree အရ 2nd လို့ ခေါ်တာပါ ။ octave ကိုကျော်ပြီး ၉ကြိမ်မြောက် ဖြစ်ပေါ်လာတဲ့ interval ဖြစ်တဲ့အတွက် 9th interval လို့ မှတ်ရပါမယ် ။ အဲဒါလေးကို သတိထားပေးပါ ။ compound interval ကို ကျေညက်ရင် chord theory မှာ လွယ်ကူသွားပြီ ။ အောက်က ဇယားမှာ လေ့လာကြည့်ပါ ။ (ဇယားကွက်နေရာ အခက်အခဲအရ အပြည့်အစုံ မရေးတော့ပါဘူး ။ ကျန်တဲ့ interval တွေကို ကိုယ်တိုင် ရေးချလေ့ကျင့်ပေးပါ ။

Semitones ဆိုတာ ပါဝင်တဲ့ half steps အရေအတွက်ပါ ။ Interval/alt ကတော့ Alternative descriptor ပါ ။ အပေါ်နဲ့ အောက်ဇယားကွက်ထဲက interval များဟာ  အမည်ကွဲပြားပြီး half steps အရေအတွက်တူညီတဲ့ intervals တွေ ဖြစ်ကြောင်းကို ဖော်ပြထားတာပါ ။
အတိုကောက်အမှတ်အသားများ - U = unison , m = minor , M = major , P = perfect , d = Diminished , A = Augmented … ။ ။


Tritone
Tritone ဆိုတာ ထူးခြားမှုများနှင့် သီးခြားတည်ရှိနေတဲ့ interval တစ်ခုပါ ။ Diminished 5th နှင့် Augmented 4th တို့ရဲ့ အမည်အတစ်ခုလည်း ဖြစ်ပါတယ် ။ ၄င်းကို whole step 3ခု (half step 6ခု) ဖြင့်ဖွဲ့စည်းထားပြီး Root နှင့် Octave တို့ကြားမှာ ထက်ဝက်တိတိပိုင်းခြား ထားတယ် ။ ၄င်းမှ octave ကို ပြန်သွားသောအခါ (သို့) invert လုပ်ရာမှာလည်း tritone ပဲ ပြန်ရပါတယ် ။  C to Gb , Gb to C ။ D to Ab , Ab to D ။ E to Bb , Bb to E … စသည်ဖြင့် ။ အသံအားဖြင့် သာယာနာပျော်ဖွယ်မရှိလို့ "devil interval" လို့ တင်စားပါတယ် ။ J.S.Bach, Beethoven တို့က စခဲ့တဲ့ tritone ကို Jimmy Hendrix, Black Sabbath, Judas Priest, Metallica, Marilyn Manson, Rush ရော့ခ်တခေတ်လုံး သုံးစွဲလာကြတယ် ။ အထူးသဖြင့် Nu metal မှာ ပိုပြီး သိသာတွင်ကျယ်လာတယ် ။ Korn သီချင်းတွေရဲ့ ဂစ်တာသံတွေကို နားထောင်ကြည့်ပါ ။ Tritone ကို power chord အဖြစ် အမြဲတမ်း သုံးပါတယ် ။ Mr. Bungle chord လို့တောင် သူတို့က အမည်ပြောင် ပေးထားပါသေးတယ် ။  ( Tritone အကြောင်းကို ပိုပြီးနားလည်အောင် အက်ဒမင် ဦးကိုကိုကြီး ရဲ့  ရှင်းပြချက်မှာလည်း လေ့လာနိုင်ပါတယ် )



Inversion of Intervals
inversion of intervals ဆိုတာ interval တွေကို အထက်၊အောက် ပုံစံပြောင်း ပြောင်းပြန်လှန်တာပါ ။ invert လုပ်တယ် ဆိုတာ ပြောင်းပြန်လှန်တာကို ပြောတာ ။  ဥပမာ - Root to maj 2nd , C to D ဆိုပါတော့ ။ C က Root , D က maj 2nd ပါ ။ အဲဒါကို D ကို Root အဖြစ်ထားပြီး C ကို၎င်းရဲ့ အပေါ်မှာထပ်တင်လိုက်တဲ့အခါ D to C , Root to minor 7th ဆိုတဲ့ interval ကို ရပါတယ် ။ interval များကို Root မှစတင်ပြီး 2nd , 3rd , 4th … 7th ထိ (major , minor , perfect) စတဲ့ interval များအားလုံးကို invertလုပ်ကြည့်ပါတယ် ။  အောက်ကဇယားမှာ C major scale ရဲ့ intervals များကို invertလုပ်ပြထားပါတယ် ။ 


Intervalsများကို invertလုပ်တဲ့အခါ ပြောင်းလဲဖြစ်ပေါ်လာမယ့် intervals များကို အောက်ပါ အချက်အလက်များဖြင့် မှတ်သားနိုင်ပါတယ် ။

  1. 2nd မှ 7th , 3rd မှ 6th အပြန်အလှန်ပြောင်းလဲပါတယ် ။
  2. perfect intervalများကတော့ perfect အဖြစ်ပြန်ရပါတယ် ။
  3. major intervals များက minor intervals ဖြစ်လာပါတယ် ။
  4. minor intervals များက major intervals ဖြစ်လာပါတယ် ။
  5. augmented intervals များက diminished intervals ဖြစ်လာပါတယ် ။
  6. diminished intervals များက augmented intervals ဖြစ်လာပါတယ် ။
  7. tritone ကတော့ triton အဖြစ်သာပြန်ရပါတယ် ။

အခြေခံသီအိုရီရဲ့ Interval အကြောင်းတွေ ဒီမှာပဲ အဆုံးသတ်ပါတယ် ။ နောက်ပိုင်းမှာ Chord နဲ့ Scale အကြောင်းများကို ထပ်ရေးသွားပါမယ် ။

ရွှင်လန်းချမ်းမြေ့ပါစေ ။

(လူတစ်ယောက်)

No comments:

Post a Comment