23 May 2015

ရောက်တတ်ရာရာ ဂစ်တာလေ့ကျင့်ခန်းစာအုပ်


(ဂစ်တာသမားတစ်ယောက်ရဲ့ လေ့ကျင့်ခဲ့တဲ့ အတွေ့အကြုံလေးတွေ ဖြတ်သန်းမှုတွေကို မျှဝေချင် ရေးချင်တာ ကြာပြီ ။ ဒါပေမယ့် 'ခေတ်' ဆိုတာ လူငယ်အားလုံး ရင်ခုန်ခဲ့တာလေ ... ကိုယ်တစ်ယောက်တည်း သက်ဆိုင်တာမှ မဟုတ်တာ ။ အဲဒါကြောင့် ... "မင်းလိုလူစားအများကြီး ငါလိုလူစား အရှားသား" ပြောတယ်လို့ မထင်စေလို ။ ဟိုကြားဒီကြားက ရှိစုမဲ့စု သတ္တိတွေ ဖျစ်ညှစ်ထုတ်ပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ ... အကျိုးမယုတ်တန်ကောင်းပါရဲ့ဗျာ .... နော့် .....)



ဟိုတုန်းက ... အာရုံ၆ပါးကို အရောင်တလက်လက် လက်ယပ်ခေါ်နေတဲ့ အင်တာနက်ခေတ် မဟုတ်တော့ ... ကျွန်တော်တို့ စာဖတ်တယ် ၊ ဂစ်တာတီး သီချင်းဆိုကြတယ် ။ ပလက်ဖောင်းပေါ်က ၃ကျပ်တန် စာအုပ်လေးတွေနဲ့ပဲ ၁၂၃၄နုတ်တွေ ၊ ပဲပင်ပေါက်နုတ်တွေ ဖတ်တတ်ခဲ့ ။ လမ်းဘေးအုတ်ခုံမှာ သူငယ်ချင်းတွေစုပြီး ရစ်သမ် ၊ လိဒ် ၊ ဘေ့စ်တွေ တီးခဲ့ကြပေါ့ ။ သီချင်းစာအုပ်ထဲက ကော့ဒ်တွေကြည့်တီး ၊ စာအုပ်မရှိလည်း နားထောင်ပြီး ဟိုစမ်းဒီစမ်းလိုက်တီးကြ ။  သီအိုရီတွေဘာတွေ မသိဘူး ။ ဂီတကို စနစ်တကျ သင်ယူရကောင်းမှန်းလည်း မသိဘူး ။ စကေးတချို့ ၊ Maj7 , dim , Aug လို ကော့ဒ်တွေကိုင်တတ်လာ ၊ သီချင်းတော်တော်များများ တီးတတ်လာတော့ လူက သွေးနားထင်ရောက်လာ ။ တော်တော်ဟုတ်တဲ့ငါ ဆိုပြီး ... ကိုယ်ပိုင်သီချင်းတွေရေး ဆိုလိုတွေရေးနဲ့ .. ပိုးက တော်တော်ကြီးလာပေါ့ ။

၁၀ တန်းအောင်ပြီး နယ်မှာသွားနေတဲ့အခါ တီးဝိုင်းဖွဲ့ပြီးတီးကြ ဆိုကြ ။ အဲဒီတုန်းက နုတ်ထုတ်တဲ့အခါ ကိုထွဋ်(ဘေ့စ်) တစ်ယောက်တည်း ထုတ်တာ ။ ကျန်တဲ့သူတွေက ကိုထွဋ်ထုတ်ထားတဲ့နုတ်ကိုကြည့်ပြီး တီးကြတာ ။ နယ်မှာက စတိတ်ရှိုးတီးရင် ၄နာရီလောက် တီးရတယ် ။ တရက်တည်းလည်း မကြိုက်ကြဘူး ။ ၃-၄ ရက် တီးမှ ကြိုက်တာ ။ အဲဒီတော့ ရှိုးတစ်ပွဲတီးရင် သီချင်း ၇၀ ကနေ ၁၀၀ လောက်အထိ ထုတ်ရတယ် ။ ကိုထွဋ်ကလည်း လဝကဝန်ထမ်းဆိုတော့ အလုပ်တစ်ဖက်နဲ့ အချိန်မလောက်ဘူး ။ အဲဒါနဲ့ ကျွန်တော့်ကို လွယ်တဲ့သီချင်းတွေကို စပြီးထုတ်ခိုင်းတယ် ။ အဲဒီနောက်ပိုင်း ရှိုးတစ်ခုလုပ်တိုင်း ကျွန်တော်နဲ့ကိုထွဋ် တဝက်စီခွဲပြီး နုတ်ထုတ်ကြတယ် ။ ( မဖြစ်မနေလုပ်ရတော့မယ်ဆိုတော့  စိတ်မပါလည်းလုပ် မလုပ်ချင်လည်း လုပ်ရတော့တာပေါ့ ။ အတွေ့အကြုံတွေ အများကြီးရတယ် နုတ်ထုတ်တတ်ခဲ့တယ် ။ အဲဒီအတွက် ကိုထွဋ်ကိုလည်း ဒီနေ့ထိ ကျေးဇူးတင်လျက်ပါ) ။ နိုင်ငံခြားဂီတကျောင်းတွေမှာ အခြေခံကတည်းက ဘာသာရပ်တစ်ခုအဖြစ် သင်ကြားလေ့ကျင့်ရတဲ့ aural method / Ear training ကို စနစ်တကျ မလေ့ကျင့်ခဲ့တော့ အခက်အခဲကတော့ အများကြီးပါ ။ မယ်လိုဒီနဲ့ စကေးတွေ ခပ်ယောင်ယောင်ကြားပေမယ့် Root note လွဲရင် လွဲနေတတ်တယ် ။ ကော့ဒ်သံကို လုံးဝမကြားဘူး ။ နားမထောင်တတ်ဘူး ။ ပြဿနာက အဲဒါ ။ သမာရိုးကျမဟုတ်တဲ့ ကော့ဒ်ကြောင်တွေထည့်ထားတဲ့ သီချင်းတွေဆိုရင် သေချင်စော်နံအောင် ကော့ဒ်ရှာရတယ် ။ ဒီနုတ် ဒီမယ်လိုဒီမှာ ဘာကော့ဒ်ဖြစ်နိုင်တယ်ဆိုတာ ... သီအိုရီလည်း မသိတော့ ... တစ်ခါတစ်လေလည်း အဆင်ပြေတဲ့ကော့ဒ် ထည့်ပေါ့ ။ တကယ်တော့  ရမ်းသမ်းမှန်းသမ်း လုပ်ကိုမလုပ်ချင်ဘူး ။ တကယ်တီးချင်တာ ။ လူကသာဘာမှမဟုတ်တာ ... ROCKဆိုတာက တစ်ပြားမှ မချဘူး ။ အဲလိုမျိုးတွေကြုံလာတဲ့အခါ ကျွန်တော့်စိတ်လည်း ပြောင်းလာတယ် ။ ဂီတဆိုတာ စနစ်တကျသင်ယူရမယ့် အရာပါလားလို့ ခပ်ရေးရေး သဘောပေါက်လိုက်တယ် ။

 ၁၉၉၉ မှာ ရန်ကုန်ကို ပြန်လာ ။ ဆရာ ကိုဒူး ဆီမှာ ကလပ်စီကယ်ဂစ်တာ အရင်တက်တယ် ။ Solo guitar playing ဆိုတဲ့စာအုပ်ကို တစ်လလောက်တီးပြီး ငြီးငွေ့လာတယ် ။ လူကလည်း ငယ်သေးတော့ ဂစ်တာသံဆိုတာ ဒစ်စတောရှင်းသံပါမှ နားထောင်လို့ရတာ ။ ဘတ်တွေ ၊ ဆီဘတ်ရှန်တွေ ၊ ဖာနန်ဒိုဆောတွေ လာမပေးနဲ့ ... နားမထောင်ဘူး ။ တာရေးဂါး ၊ ဆီဂိုးဗီးယား ၊ ဒေးဗစ်ရပ်ဆယ် ၊ ဂျွန်ဝီလျံတွေ လာမပြောနဲ့ ... စိတ်မ၀င်စားဘူး ။ ယုတ်ဆွအဆုံး ... ဘော့ဒိုင်လန် ၊ ဘီးဂျီး ၊ ကလပ်တန် ၊ ဘီးတဲလ်တွေတောင် သိပ်ကြိုက်တာမဟုတ်ဘူး ။ Black Sabbath , ACDC , Cinderalla , Skid Row , Guns N' Roses , MegaDeath , Metallica တွေမှ သီချင်းလို့ထင်တာ ။ အာသာပြေတာ ။ ငါ့သွေးထဲမှာ ရော့ခ်တွေစီးဝင်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သွေးတက်လို့ တက်မှန်းမသိတဲ့အချိန် ။ ကျွန်တော်တို့ရဲ့ အရူးရောဂါကို နေမြင့်စေခဲ့တာတော့ ... ကိုနောင်(SF) Music World , ကိုဇော်ဝင်း(Metal Zone) ဆိုင်တွေက တိပ်ခွေတွေက အဓိကပဲ ။  ( ကျွန်တော်က ဂစ်တာပိုးကြီးနေရုံမက သီချင်းကလည်း ရေးချင်တာဆိုတော့ ... ဂီတအဖွဲ့အနွဲ့တွေကို ကျွမ်းကျင်အောင်  ကျွန်တော့်ရဲ့ ဂီတညီအစ်ကိုတော်ကြီး ကိုစိန်ကြီးက ဘီးတဲလ်အခွေတွေ နားထောင်ခိုင်းတယ် ။

'အန်းတိတ်တွေ ဖီးမလာဘူး ... နားမထောင်ချင်ဘူး' လို့ ကျွန်တော်က ပြန်ပြောတယ် ။ ကိုစိန်ကြီးက 'ဟေ့ရောင် ... မင်း သီချင်းရေးချင်ရင် ဘီးတဲလ်တွေ နားမထောင်လို့မရဘူး ...  များများနားထောင်ရမယ်' တဲ့ ... ။ အဲဒါနဲ့ ကျွန်တော်က 'ဘီးတဲလ်နားမထောင်တာနဲ့ သီချင်းရေးလို့ မရတော့ဘူးလား .. ကျွန်တော် နေ့တိုင်း ဟဲဗီးရော့ခ်တွေ ၊ မယ်တယ်တွေ အမြဲနားထောင်နေတာ' ဆိုပြီး ပြန်ဖဲ့တာပေါ့ ။ ကိုစိန်ကြီးက ... 'ဟဲဗီးရော့ခ်တွေ ၊ မယ်တယ်တွေဆိုတာ ဒီကောင်တွေဆီက လာတာ .. Helter Skelter သီချင်းဆိုရင် အဲဒီခေတ်က ဘယ်လောက်ဟဲဗီးကျလဲ ဘယ်လောက်ခေတ်ရှေ့ပြေးလဲ ..' ဘာညာဆိုပြီး ကျွန်တော့်ကို နားဝင်အောင်ရှင်းပြတယ် ။ သူဘယ်လိုရှင်းပြ ရှင်းပြ ကျွန်တော်က လုံးဝကို နားမထောင်တာ ။ အခုတော့ အဲဒါတွေဝဋ်လည်နေပါပြီ ။ ညဘက်ဆိုရင် ဘီးတဲလ်ဖြစ်ဖြစ် ၊ ကလပ်စီကယ်ဂစ်တာဆိုလိုဖြစ်ဖြစ် နားမထောင်ရရင် ယင်းကိုက်သလိုလို တစ်ခုခုလိုနေသလိုလို ။ သီချင်းရေးချင်တယ်ဆိုတဲ့ ညီငယ်တွေကို ဘီးတဲလ်တွေနားထောင်ဖို့ လမ်းညွှန်တော့ ... ဒီဘဲကြီး ငါ့ကိုလာစားနေတယ် ဆိုပြီး မခိုးမခန့်အပြုံးနဲ့ ပြန်ကြည့်ခံရတဲ့အခါ ... သြော် ငါငယ်ငယ်တုန်းကလည်း သူ့တို့ထက်ခေါင်းမာခဲ့တာပဲဆိုပြီး ဖြေတွေးတတ်လာတယ် ။) သင်တန်းအကြောင်း ပြန်ဆက်ရအောင် ။

ဆရာ ကိုဒူးဆီမှာ နှစ်လလောက် သင်ပြီး ... ကျွန်တော် ရော့ခ်ပဲတီးချင်တယ် လို့ပြောတော့ ဆရာ ကိုဒူးက ဆရာ ကိုစိုင်းဆီကို ညွှန်ပေးတယ် ။ အဲဒါနဲ့ ကျွန်တော်လည်း ဆရာကိုစိုင်းဆီမှာ သင်တန်းစတက်တယ် ။ ကိုယ့်ဖာသာ ဘာတွေပဲတီးခဲ့ပါစေ ၊ ဘယ်လောက်ပဲတီးတတ်နေပါစေ ... အခြေခံကစပြီး ပြန်သင်ရပါတယ် ။ ဘာကြောင့်လဲဆိုတော့ စနစ်မကျခဲ့လို့ပါ ။ Fingering စတီးတာကအစ ... ဘယ်လက်အနေအထား ၊ ညာလက်အနေအထား ၊ စည်းကမ်းချက်တွေကို ဘယ်လိုလိုက်နာရတယ် ၊ စည်းစနစ်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်လိုက်တယ် ။ (အဲဒီစလုံးရေစမှာပဲ ထွက်ပြေးသွားတဲ့ သင်တန်းသားတွေလည်း အများကြီးတွေ့ရတယ်) ။ ကျွန်တော့်အတွက်တော့ အမှားပြန်ပြင်ရတဲ့အချိန် ၊ ဒါပေမယ့် ကျွန်တော်လည်း တီးခဲ့သမျှ လေ့ကျင့်ခန်းတွေ ၊ အလေ့အကျင့်တွေ ၊ လက်အနေအထားတွေကို မေ့ထားပြီး ဆရာကိုစိုင်း ပြောသလို နည်းစနစ်တကျ ကြိုးစားတီးတယ် ။ အဲဒီစပ်ကူးမတ်ကူးကာလက အရမ်းအရေးကြီးတယ် ၊ ကြောက်စရာကောင်းတယ် ။ အရင်က ဆရာနဲ့စနစ်တကျမသင်ဘဲ ... Metal Zone က စာအုပ်တွေကူး ၊ ဗီဒီယိုအခွေတွေဝယ်ပြီး Paul Gilbert , Malmsteen တွေကို Tab ကြည့်ပြီး အသားကုန်တီးခဲ့တာ ။ ဆရာနဲ့စနစ်တကျသင်တော့မှ ကွေဗာနုတ်တောင် လက်က သိပ်မထွက်ချင်တော့ဘူး ။ တစ်ခါတစ်လေ ကိုယ့်ရဲ့အမှားဟောင်းတွေက အတူတူပြန်နေရအောင်ဆိုပြီး သံယောဇဉ်ကြီးကြီးနဲ့ လာလာဆွယ်တယ် ။ အဲဒါတွေကို ခေါင်းထဲကကြိုးစားထုတ် ... အနှေးဆုံးကိုတီးတယ် ၊ စည်းစနစ်တွေကို သတိထားတီးတယ် ၊ အချိန်များများတီးလိုက်တဲ့အခါ ... အကျိုးကျေးဇူးကို လက်ငင်းခံစားရပါတယ် ။ အသံထွက်ရင်ပြီးတာပဲဆိုပြီး  scale & speed နဲ့ လူတွင်ကျယ်လုပ်နေတဲ့ ဂစ်တာသမားဘဝကနေ ... ဘယ်လက်က Fretboard ပေါ်မှာ ချောမွေ့ပေါ့ပါးစွာ တက်ဆင်းပြေးလွှားနိုင်သလို ၊ ညာလက် stroke ကလည်း ဂစ်တာသံစစ်စစ် ၊ ကြည်လင်ပီသတဲ့ toneမျိုး ထွက်လာတော့ ... အတိုင်းမသိ ကြည်နူးလိုက်ရတာ ။ ယောက်မမှာကပ်ပြီး မီးဖိုမှာအပူပေးရုံ ငါးပိဖုတ်တာတောင် မလုပ်ဖူးရင် အချိုးမကျသေးတာ ... ဂစ်တာဆိုတဲ့ အနုပညာတူရိယာတစ်ခုကို တတ်ကျွမ်းဖို့ ... နည်းစနစ် နဲ့ သင်ကြားပြသပေးမယ့် ဆရာဟာ ဘယ်လောက်အရေးကြီးမလဲဗျာ ။ မေးနေစရာတောင်မလို ။ ဆရာကိုစိုင်းဆီကိုရောက်လာတာ ကျွန်တော့်အတွက် အင်မတန်ကံကောင်းတယ်လို့ ခံစားလိုက်ရတယ် ။

ဆရာကိုစိုင်းသင်တန်းမှာ ... ရော့ခ်တီးချင်တဲ့သူတွေအတွက် ဘလူးစ်ဆိုလိုတွေကို အခြေခံကနေ စတီးရတယ် ။ ကျွန်တော်လည်း ဘလူးစ်တွေကို တစ်အုပ်ပြီး တစ်အုပ်တီးတာပေါ့ ။ ဘလူးစ်ကို စတီးကတည်းက ပျော်တာ ... ခုထိလည်းပျော်တုန်း ။ နောက်တော့ ရော့ခ် ၊ မယ်တယ်စာအုပ်တွေ တီးတယ် ။ စနစ်ကျပြီးရင် ကျချင်စိတ်နဲ့ Mel Bay တွေလည်း တီးတယ် ။ တစ်နှစ်လောက် အားရပါးရတီးပြီးတော့ ဆရာက ကျွန်တော်တို့လို ပိုးကောင်ကြီးတွေစုပြီး ဂီတသီအိုရီ classတစ်ခုလုပ်ပြီး အခမဲ့သင်ပေးတယ် ။ မေတ္တာနဲ့သင်ပေးတာဆိုတော့လည်း ...ဆရာ့ကို အားနာပါးနာနဲ့သာ ဝတ်ကျေတန်းကျေ လုပ်ခဲ့ရတာ ။ သီအိုရီကို သိပ်တော့ စိတ်ပါလှတာမဟုတ်ဘူး ။ အခု အဲဒါတွေကို နောင်တရတယ် ။ ( ကျွန်တော်ရေးနေတဲ့ အခြေခံဂီတသီအိုရီတွေဆိုတာ အဲဒီတုန်းက စိတ်မပါတပါ သင်ယူလေ့ကျင့်ခဲ့တဲ့ အကျိုးတွေပါပဲ ။ ကိုယ်ကလည်း သိပ်အကျွမ်းကြီးမဟုတ်တော့ တတ်နိုင်သလောက် အမှားကင်းအောင်တော့ သတိထားပြီး ရေးထားပါတယ် ။ တကယ်တော့ အဲဒါတွေက သီအိုရီတွေ မဟုတ်သေးပါဘူး ။ ဂီတသီအိုရီမသင်ခင် သိသင့်သိထိုက် ၊ ကြိုတင်နားလည်ထားရမယ့် အကြောင်းအရာတွေပါ ) ဆရာနဲ့ ဝေးတဲ့အရပ်မှာ ကိုယ်တိုင် self study ပြန်လုပ်ကြည့်တော့မှ မသိနားမလည်တာတွေက အများကြီး ၊ ဘယ်သူ့မေးရမှန်းမသိ ။ အင်တာနက်က ရှာဖွေပြီး ဖတ်တော့လည်း နားမလည် ။ စာအုပ်ထဲမှာ ၁ လို့ရေးထားရင် ၁ လို့သာ ခပ်ရေးရေး သိလိုက်တာ ။ ဆရာရှင်းပြသလို ၁ရဲ့ရှေ့မှာ သုညရှိတယ် ၊ ၁ရဲ့နောက်မှာ ၂ ရှိတယ် ဆိုတာတွေ မသိဘူး ။  မစဉ်းစားတတ်ဘူး ။ အင်မတန်ပြည့်ဝပြီး အပင်ပန်းခံ ဦးနောက်ဖောက်ကျွေးနေတဲ့ ဆရာ့အနားမှာနေပြီး ယူရကောင်းမှန်း မသိတဲ့ကောင်ဆိုတော့ .. ကျွန်တော့်အဖြစ်က ပတ္တမြားတောင်ရောက်တာကို ကျောက်နီတစ်လုံးကောက်ပြီး ပြန်လာတဲ့သူနဲ့ အတူတူပဲ ။

ဒါပေမယ့် သီအိုရီကိုသာ စိတ်မပါတာပါ ။ အတီးပိုင်းကတော့ အဲဒီတုန်းက တရက် ၈နာရီနီးပါး လေ့ကျင့်တယ် ။ ဂစ်တာတီးတာကို အလုပ်လို့ သတ်မှတ်ပြီး အလုပ်ချိန်(ရုံးချိန်) အတိုင်း တီးတာ ။ မနက် ၆နာရီအိပ်ယာထ ၊ မျက်နှာသစ် အိမ်သာတက် ရေမိုးချိုး ၊ အဆာပြေစားပြီးတာနဲ့ ၇နာရီဆိုရင် ဂစ်တာစကိုင်ပြီ ။ နေ့လည် ၁၁နာရီဆိုရင် ခဏနား ။ ၁၂ နာရီကနေ ၄နာရီအထိထပ်တီး ။ နေ့လည်ပိုင်း တီးရတာတော့ နည်းနည်း အီတယ်ဗျ ။ ပျော်လို့ခဏတီးတာမဟုတ်ဘဲ ဂစ်တာသမားဖြစ်ဖို့ တာဝန်အရ တီးနေရသလို ။ လူဆိုတာ တာဝန်တို့ ဝတ္တရားတို့ ပါလာပြီဆိုရင် နည်းနည်းတော့ ငြီးငွေ့ငွေ့ အီလည်လည် ရှောင်ဖယ်ဖယ် ဖြစ်ချင်လာတာပဲ ။ စိတ်ပါတဲ့နေ့ဆို ခါးချိအောင်တီးနိုင်ပေမယ့် ၊ တစ်ခါတစ်လေ စိတ်မပါတဲ့အခါလည်း ၈နာရီ အပြည့်မရဘူး ။ ညဘက်ရောက်ရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်သောက်ကြ ၊ မဟုတ်ရင်လည်း အရက်သောက်ကြပေါ့ ။ အိမ်ပြန်ရောက်ရင်လည်း စိတ်ပါတဲ့နေ့ဆိုရင် သီအိုရီတွေ ပြန်ဖတ် ၊ လေ့ကျင့်ပေါ့ ။ (စိတ်မပါတဲ့နေ့က ပိုများပါတယ်) ။ ဒါပေမယ့်လည်း အဲဒီလို ကျားကုတ်ကျားခဲလေ့ကျင့်နေတော့ ကိုယ့်ကိုယ်ကိုယ် သိသိသာသာရော မသိမသာရော အမှတ်တွေ အများကြီး ပေးထားတာပေါ့ ။ ဘ၀ဆိုတာ အဲ့လိုပဲ .... ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးလိုက် လျော့လိုက် ၊ မြောက်လိုက် ပြုတ်ကျလိုက်ပေါ့ ... ဟုတ်ဖူးလား ...

ဂစ်တာဆိုတာလည်း တီးရင်းနဲ့မှ နားလည်သဘောပေါက်လာတဲ့ အရာတွေလည်း အများကြီးရှိတယ် ။ ခက်ခဲတဲ့တီးကွက်တွေ ၊ speedတွေကို လေ့ကျင့်တော့မှ ... ဘယ်လက်က မခက်ခဲဘူး ... ညာလက်က ပိုပြီးခက်ခဲမှန်း သိလာရတယ် ။ တကယ်လည်း ညာလက်က driving force ပါ ။ ညာလက်က မောင်းသလောက်ကို ဘယ်လက်က လိုက်ဖို့လွယ်တယ် ။ ဘယ်လက်ပြေးသမျှကိုသာ ညာလက်က မလိုက်နိုင်တာ ။ အဲဒါကြောင့် ... ညာလက်ကို သီးသန့်လေ့ကျင့်မယ်ဆိုပြီး ဆရာ့ဆီက သင့်တော်မယ့် စာအုပ်တောင်းတော့ ဆရာက Right hand development for Jazz guitar ဆိုတဲ့ စာအုပ်ပေးကူးတယ် ။ အဲဒီစာအုပ်ကို အမြည်းလှန်ဖတ်ကြည့်လိုက်ကတည်းက တအားသဘောကျသွားတာ ။ လေ့ကျင့်ဖို့ plan ဆွဲ ၊ အချိန်ဇယားထဲထည့်ပေါ့ ။ တရက်ကို exercise ၅ခုတီးတယ် ။ တစ်ခုကို ၃မိနစ် ၊ ၅ခုပေါင်း ၁၅မိနစ် x ၄ကြိမ် တီးတယ် ။ ဒီစာအုပ်က ညာလက်လေ့ကျင့်ခန်းသက်သက် တရက် ၁နာရီတီးတာပေါ့ ။ tempo ကို BPM = 100 ကနေစတီးတယ် ။ 100 - 104 - 108 - 112 ဆိုပြီး +4 ၄ကြိမ် ပေါင်းတီးတယ် ။ ၃ရက်တီး ၊ ၁ရက် Revision ပြန် ။ တပတ်လောက်တီးတာနဲ့ ညာလက်က သိသိသာသာကြီး ကောင်းလာပြီ ။ လေ့ကျင့်ခန်းတွေက သမာရိုးကျ pattern တွေမှမဟုတ်တာ ။ ညာလက်ရဲ့ ဖြစ်နိုင်ခြေတွေကို သင်္ချာလို ပေါင်းစပ်ထားတာ ။ ဘယ်Solo , scale pattern မှ ဒီစာအုပ်လောက် မခက်ဘူး ။ အဲဒါတွေ ပိုင်နိုင်ရင်တော့ ညာလက်ကို ကြိုက်သလို စေခိုင်းနိုင်ပြီပေါ့ ။ သူက လွှတ်ကြိုးသံတွေနဲ့ပဲ ဥပမာပေးထားတယ် ။ ကိုယ်က chord , chord progression တွေ အစားထိုးပြီး လေ့ကျင့်လို့လည်း ရတယ် ။ နောက်ပိုင်းကျတော့ ခက်လာတယ်ဗျ ။ values တွေကလည်း မဂဏန်းတွေ ။ ပြီးတော့ ဒီလေ့ကျင့်ခန်းတွေရဲ့ အသက်က Accent ပါပဲ ။ ( ကျွန်တော်တို့ ဒီစာအုပ်ကို လေ့ကျင့်တုန်းက ... ညာလက်က ရေးထားတဲ့နုတ်အတိုင်း မသွားဘူး ။ ချော်ချော်ပြီး ဟိုရောက်ဒီရောက် ရောက်လွန်းလို့ ... ဒီစာအုပ်ကို 'ရောက်တတ်ရာရာ' လို့ နာမည်ပြောင်ပေးထားတယ်)

ကျွန်တော်နဲ့ ကိုစိန်ကြီးလည်း အဲဒီစာအုပ်ကို တလလောက်တီးပြီး ဆရာ့ဆီကို တစ်ခေါက်သွားကြတာပေါ့ ။ ဒီစာအုပ်နဲ့ပတ်သတ်ပြီး လေ့ကျင့်နေပုံတွေ ၊ အခက်အခဲလေးတွေ ဆရာ့ကိုပြောပြတယ် ။ "ဆရာရေ .. ဒီစာအုပ်ကတော့ တဖြည်းဖြည်းခက်လာပြီ ... ပြတ်ဖို့တော့ အချိန်ယူရအုံးမယ် .." ဘာညာပေါ့ ... ပြီးတော့ ဖြတ်ကနဲ စိတ်ထဲမှာ ဘာရယ်မဟုတ် သိချင်လာတဲ့ မေးခွန်းတစ်ခုကို ဆရာ့ကို မေးလိုက်တယ် ။ "ဆရာလည်း ဒီစာအုပ်ကို ဘယ်နှစ်လလောက် တီးလိုက်ရလဲ " ပေါ့ .... အဲဒီမှာ ဆရာ ပြန်ဖြေတာက .....

"အေး .. ငါ တရက်တည်းအကုန်တီးပစ်လိုက်တာ" တဲ့ ...

ကျွန်တော်နဲ့ ကိုစိန်ကြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် မျက်လုံးပြူးပေါ့ ။ ပြီးတော့ ဆရာက သူလေ့ကျင့်ခဲ့တဲ့ပုံကို ပြန်ပြောပြတယ် ။ ဆရာက  ကိုယ်တီးနိုင်တဲ့ tempoနဲ့ တစ်အုပ်လုံးတီးပစ်လိုက်တယ် .. ပြီးမှ tempo တိုးပြီး အခေါက်ခေါက်ပြန်လေ့ကျင့်တာ ။ ကျွန်တော့်အတွက်တော့ အသိအလိမ္မာတိုးသော နေ့တစ်နေ့ပေါ့ဗျာ ။ ကျွန်တော်လေ့ကျင့်ပုံက ... exercise တစ်ခုကို tempo အမျိုးမျိုးနဲ့ ပိုင်အောင်လေ့ကျင့်တာ ။ အဲဒီတော့ ငြီးငွေ့လွယ်တယ် ။ စာအုပ်တစ်အုပ်ပြတ်ဖို့ အတော်အချိန်ယူရတယ် ။ ကြာတော့ ဟုန်သွားရော ။ အဲဒါကြောင့် .. နောက်ပိုင်းမှာ ကျွန်တော်လည်း ဆရာပြောတဲ့ နည်းစနစ်အတိုင်း လေ့ကျင့်ဖြစ်ခဲ့တယ် ။ လေ့လာဆည်းပူးလို့ မကုန်နိုင်တဲ့ ဆရာ့ရဲ့ ပညာတွေကို ရိုသေစွာအလေးအမြတ်ပြုရင်း .... ၊ ပြည့်စုံကောင်းမွန်တဲ့ ဂစ်တာသမားတွေ ထွက်ပေါ်ပါစေ ဆန္ဒပြုရင်း ... ၊ ခင်ဗျားတို့ရဲ့ ညာလက်အခက်အခဲတွေကို ဖြေရှင်းပေးမယ့် ....  အဲဒီစာအုပ်လေးကို ပြန်ဝေမျှလိုက်ပါတယ် ....

စာအုပ်ဒေါင်းရန်
Google drive download link
Mediafire download link

ရွှင်လန်းချမ်းမြေ့ပါစေ
လူတစ်ယောက်

No comments:

Post a Comment