16 March 2015

ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများကို ချိန်ညှိခြင်း - ၁

ဂစ်တာကို မြေလျှိုးမိုးပျံအဆင့်တီးတတ်ပါတယ် ... နုတ်စ်တွေကိုလည်း ပြောင်းပြန်ရေး ထားတောင် ဖတ်နိုင်ပါ တယ် ... ဆိုပေမဲ့ အလက်ထရစ်ဂစ်တာတွေနဲ့ တီးတော့မယ်ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက် လို့မရတော့ပါ ဘူး။ အဲဒီတော့မှ အက်ဖက် မချိန်တတ်လို့ အသံကြောင်ကြီးတွေ ထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့် ဂစ်တာအက်ဖက်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင်ချိန်တတ်ဖို့က ဆောလစ်ဂစ်တာတွေကိုင်ကြတဲ့ သူငယ်ချင်းတွေ အားလုံး သိကြမှာ ပါခင်ဗျာ။ ဂစ်တာသမား တစ်ဦးချင်းအလိုက် အက်ဖက်ချိန်တဲ့ ဆက်တင်တွေ ကိုယ်ပိုင်ဟန်အသီးသီး ရှိကြတယ် ဆို ပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာ သမားတွေဟာ မူရင်းသီချင်းနုတ်စ် စာရွက် ကြီးကို ကိုင် ထားပြီး မူရင်း ဂစ်တာသမားက အဲဒီ့သီချင်းအတွက် ချိန်ထားတဲ့ ဂစ်တာအက်ဖက် ဆက်တင် အတိုင်း အနီးစပ်ဆုံးလိုက်မချိန်နိုင်ရင်- သူများသီချင်းတော့ ယူတီးသေးတယ်။ မှီလည်း မမှီဘူး ဆိုပြီးဝိုင်း ကဲ့ရဲ့လေ့ရှိပါ တယ်။ ဒါကြောင့် ဂစ်တာအက်ဖက်ချိန်တာဟာ အရမ်း အရေးကြီးတယ်လို့ထင်ပါတယ်။

ဂစ်တာအက်ဖက်မှာ မူလတုန်းက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ် စနစ်တွေ ထွန်း ကားလာတော့ ပို Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor တွေပေါ် လာပါ တယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဂစ်တာအက်ဖက်လောက မှာ နံမည်ကြီး တာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့ Boss တံဆိပ် ဂစ်တာအက်ဖက်တွေပါ။
နောက်ပိုင်းမှာ Zoom ဂစ်တာအက်ဖက်နဲ့။ Digtec တံဆိပ် ဂစ်တာအက်ဖက်တွေလည်းလူသုံးများ လာကြ ပါတယ်။ နံမည်ကျော် ဂစ်တာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လဲ ဂစ်တာကုမ္ပဏီကြီးများ က လည်း သူတို့ ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal တွေထုတ်လာကြပြန်ပါတယ်။


ကျွန်တော်တို့ မြန်မာပြည်က တီးဝိုင်းကြီးတွေရဲ့ ဂစ်တာပရိုတွေဟာလည်း Boss Single Effects တွေကို အရင် ဦးဆုံးနဲ့အတော်ကြာသုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ Multi-Guitar Effects တွေကိုပြောင်း သုံးလာ ကြပါ တယ်။
ကိုဇော်မျိုးထွဋ် ( Medium Wave ) တို့ ၊ ကိုနိုင်ဇော် ( Lazy Club )၊တို့ ကိုကျော်မင်း (Evening Star) က တော့ live show တွေတီးလာကြရာမှာ Zoom တံဆိပ် Multi-Guitar Effects တွေ ကိုသုံးလာတာ သတိထား မိပါ တယ်။ Lady Rock-Show မှာ တော့ ကိုနိုင်ဇော်ဟာ Boss ME-50 Multi-Guitar Effects Processor ကို သုံးသွားတာ ကြည့်လိုက်ရပါတယ်။

Single Guitar Effect Padel တွေဘဲဖြစ်ဖြစ် Multi Guitar Effects Processor တွေဘဲဖြစ်ဖြစ် ချိန်ပြီဟေ့ ဆိုရင်တော့ knob တွေကို Manually လိုက်လှည့်ပြီး ချိန်ရပါတယ်။ Single Effect ကတော့ knob တစ်ခုကို ချိန် ပြီး အသေထားလို့မဖြစ်ပြန်ပါဘူး။ နောက်တမျိုးပြန်ချိန်ရင် ပြန်လှည့်/ပြန်ထားပါဘဲ။ Multi Effect တွေက တော့ ပိုကောင်းလာပါပြီ။ ကိုယ်ကြိုက်တဲ့အသံတစ်ခုအတွက်ဆက်တင်တစ်ခုချိန်ပြီးတာနဲ့ Bank ထဲမှာ Save လုပ်ထားလို့ရပါတယ်။ ဆက်တင်တွေအများကြီးကို တစ်ခုချင်းစိတ်ကြိုက်လိုက် ချိန်ထား ပြီးတော့ မှ စင်ပေါ်မှာ တီးရင် Bank နံပါတ်တွေကိုဘဲ Foot-Switch လေးနဲ့ လိုက်ပြောင်းပြီးတီးလိုက်ယုံ ပါ ဘဲ။ ပိုအဆင်ပြေသွားပါပြီ။Boss က ၂၀၀၈ခုနှစ်ထဲမှာ နောက်ဆုံးထွက်သွားခဲ့တဲ့ GT-10 ဆိုရင် ဒစ်ဂျစ်တယ်စနစ်/ကွန်ပြူတာစနစ်လုံးဝ ဖြစ်သွားသကဲ့သို့ဘဲ knob တွေအများကြီးပါမလာတော့ပါဘူး။ ကွန်ပြူတာက စက်ဝယ်ကတည်းက မူရင်း အော်တို ကွန်ပြူတာက ချိန်ပေးထားတဲ့ ဆက်တင်ချည်း (၂၀၀)ကျော်ပါလာလို့ မိမိကအထူးချိန်နေ စရာ မလိုဘဲ အဲဒီ့ အမျိုးအစား (၂၀၀)ထဲက ဘဲ ကြိုက်နှစ်သက်ရာ ကို ရွေးတီးလိုက်ယုံပါဘဲ။ အဲဒီ(၂၀၀)ထဲက အတိုးအကျယ်နဲနဲ ထပ်ပြင်ချိန်ပြီး Bank ထဲမှာ ကိုယ့်စိတ်ကြိုက် ဆက်တင်နောက် ထပ် (၂၀၀)ထပ် ထည့်လို့ ရပါသေးတယ်။ ME-50 မှာတောင် Bank ထဲမှာဆယ်ဂဏန်းလောက်ဘဲ Save လုပ်လို့ရသလို၊ ကွန်ပြူတာ က အဖြစ်လောက် နဲနဲလေးချိန်ပေးထားတဲ့ ဆက်တင်တွေကလည်းအကောင်းစားတွေမဟုတ်ပါဘူး။ GT-10 မှာ ကက်တလောက် ထဲမှာကို ချိန်ထားတဲ့ အက်ဖက်ဆင်တင်တွေရဲ့ အမည်တွေကိုပါ ဖေါ်ပြပေးထား ပါ တယ်။ မကောင်းတဲ့အချက်တစ်ခုကတော့ နောက်ဆုံးထုတ် GT-10 မှာ ကွန်ပြူတာက ဒစ်ဂျစ်တယ်စနစ်နဲ့ အော်တို ချိန်ထည့်ပေးထားတဲ့ အက်ဖက်ဆင်တင် ၂၀၀ လုံးက ကောင်းနေတော့ Manual knob တွေနဲ့ ကိုယ်ပိုင်ဆက်တင်တွေ မချိန်ဖြစ်ရာကနေ ကြာလာတော့ ဂစ်တာအက်ဖက် ချိန်ညှိတဲ့ စွမ်းရည်လျော့ပါး သွား စေတတ်ခြင်းပါဘဲ။

Roland ကုမ္ပဏီ၏  BOSS GT-10 Mulit-Guitar Effects Processor

Single Guitar Effects တွေနဲ့ ဂစ်တာအက်ဖက်စစ်စတမ် တစ်ခုရဲ့ ပုံကိုအောက်ပါအတိုင်း နမူနာ တင်ပြအပ် ပါတယ်။ တွေ့မြင်ရတဲ့အတိုင်းဘဲ Chain တစ်ခုထဲမှာ Distortion , Chorus, Compressor, Preamp, Reverb, Delay, Equalizer, Noise Supressor စသည်ဖြင့် Single Guitar Effect Padel တွေကို Wah Wah တို့ Volume တို့လို Expression Pedal တွေနဲ့ ကြားခံ ဆက်သွယ်ပေး ထားပါ တယ်။ တစ်ချို့တွေကျတော့ ဟောလို ဂစ်တာ မကိုင်ချင်လို့ Acoustic Simulator တို့လို ဆင်ဂယ် ဂစ်တာအက်ဖက်မျိုး တွေနဲ့လည်း ထည့်တွဲထား လိုက်ပါသေးတယ်။
Multi-Guitar Effects Processor ကို ကိုင်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေသွားပါပြီ။ ရှိသမျှ Single Effects တွေရဲ့ အသံတွေအားလုံးကိုထည့်ပေးထားသလို Expression Padel ကိုတော့ တစ်ခုဘဲ ထားလိုက်ပါတော့ တယ်။ တစ်ခုထဲမှာဘဲ ဖိနင်းပြီး Wah Wah တွေ ရွေးတီးမယ်။ Wah Wah ဖြုတ် လိုက်ရင် ဘဲ Volume ဖြစ်နေပါပြီ။ဒီသဘောပါ။


ကောင်းမွန် ချိုသာတဲ့ ဂစ်တာကာလာ တစ်မျိုးရဖို့ ဂစ်တာအက်ဖက်ရဲ့ knob တွေကိုနာရီလက်တံတွေလို တစ်ခု ချင်းလိုက်ချိန်လိုက် နားထောင်လိုက်လုပ်ယုံနဲ့ မရသေးပြန်ပါခင်ဗျာ။ Guitar Amp က Tone, Volume , Level စတဲ့ knob ပေါင်းများစွာကိုလည်းလိုအပ်သလို လိုက်ကလိရပြန်ပါတယ်။ ဒါတင်ဘဲ လားဆိုတော့ မဟုတ်သေးဘူးခင်ဗျ။ ကိုယ်ကိုင်ထားတဲ့ ဆောလစ်ဂစ်တာ မှာပါလာတဲ့ Tone, Volume knob တွေအပြင် Pick-Up Selector နဲ့လဲ သီချင်းအလိုက်လိုသလို လိုက်ရွေးပြီး ဦးဏှောက် စားရပြန်ပါသေး တယ်။ ဂျိုးစထရာနီတို့ကိုင်တဲ့ Ibanez Solid Guitar မှာ Double Coiled-Hamburging Pickup ၂ ခုသာ ပါတယ် ဆိုပေမဲ့။ ကိုစတိဗေကြီးတို့ ၊ ပေါလ်ဂီဘတ်တို့ကိုင်တဲ့ Ibanez တွေကျတော့ Double Coiled-Hamburging Pickup ၂ ခုကြားမှာ Single Coiled Pick-up တစ်ဘား ထပ်ထည့် ထား လိုက် လို့ လိုအပ်တဲ့အသံရဖို့ Selector နဲ့ (၅)ချက်တောင် ရွေးနေရပါတယ်။

ကိုယ့်စိတ်ကြိုက် အသံကာလာတစ်ခုအတွက် အက်ဖက်ဆက်တင်တစ်ခုချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ်။ ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခုအကြား အသံအတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန် ထားရ ပါသေးတယ်။

ဒါကြောင့်ဂစ်တာအက်ဖက်ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။

ပထမဦးဆုံး Boss ကုမ္ပဏီကဘဲ သူထုတ်လိုက်တဲ့ Boss Single Guitar Effect Padel တွေကို စတင် သုံးစွဲတဲ့ဂစ်တာသမားတွေ ဦးဏှောက်စားမှာစိုးလို့ အကောင်းဆုံး အပြင်း/အပျော့ ဂစ်တာအက်ဖက် ဆက်တင်တွေကို Manual Handbook စာအုပ်လေးထုတ်ပေးခဲ့ပါတယ်။ တော်တော်လေး ကောင်းပါတယ်။ ဒီစာအုပ်ထဲမှာ သူ့ Sigle Effect တစ်ခုချင်းကို ဘယ်လိုချိန်ရမယ်။ ချိန်ပြီးရင် တွဲဖက်မဲ့ Guitar Amp က Nob တွေကိုလည်းဘယ်လိုအနေအထားမှာ လိုက်ချိန်ညှိထားပေးရမယ်ဆိုတာကို အသေး စိတ် လေး ဖေါ်ပြ ပေးထားလို့ တော်တော်လေးကောင်းပါတယ်။ ဒီစာအုပ်ဟာ Boss Single Guitar Effect Pedal အတွက် သက်သက်သာဖြစ်ပြီး Boss Multi-Effects Processor တွေအတွက်တော့ သီးသန့်  ဖေါ်ပြထုတ်ဝေခြင်း မပြုတော့ပါဘူး။ Multi-Effects Processor ဆိုတာကလည်း Single effects သံတွေ ကို Computer Board တစ်ခုတည်းမှာ စုထည့်ထားတယ် ဆိုကတည်းက ဒီစာအုပ်လိုက်ဖတ်ပြီး Multi-Effects Processor ကိုလည်း လိုက်ကစားလိုက်ယုံဘဲလို့ မျှော်လင့်ထားတယ်ထင်ပါတယ်။

အထက်ဖေါ်ပြပါ ဂစ်တာအက်ဖက်ဆက်တင်တွေကို ချိန်ညှိဖို့ ၊ Manual Handbook စာအုပ်လေးကို အောက်ကလင့်ခ်မှာ ကလစ်လုပ်ပြီး ဒေါင်းလုပ်ရယူလိုက်ပါ။


ရေးသားသူ - ကိုစတိဗ်
( ဒီပို့စ်ကို http://myanmarmusicnotes.blogspot.com/ မှ ကူးယူဖော်ပြပါသည် ။ ကူးယူဖော်ပြခွင့်ပေးခဲ့တဲ့ ကိုစတိဗ်နှင့် myanmarmusicnotes မှ ရောင်းရင်းများကို ဂီတပန်းခင်းမှ အထူးပဲ ကျေးဇူးတင်ပါတယ် ။)
ခင်ဗျားတို့အချိန်ရရင် အဲဒီဘလော့ကို သွားလည်ကြည့်ပါ ။ မြန်မာသီချင်းနုတ်တွေကိုလည်း မျှဝေပေးထားပါတယ် ။

No comments:

Post a Comment