Key Signatures
ဂီတကို ဖန်တီးတဲ့အခါ (သို့) တီးခတ်တဲ့အခါ ... တေးသွားရဲ့တောင်းဆိုမှု ၊ တွဲဖက်မယ့်တူရိယာ ၊ လူရဲ့vocal range ... အစရှိတဲ့ အကြောင်းအချက် အမျိုးမျိုးပေါ်မူတည်ပြီး key အမျိုးမျိုးကို ပြောင်းလဲတီးခတ်ကြရတယ် ။ Natural Key C မှအပ ကျန် key များအားလုံး Accidentals (flat/sharp) အမှတ်အသားများ ပါဝင်ကြတာဖြစ်လို့ ... တေးသွားတစ်ပုဒ်လုံးအတွက် Accidental တွေကို လိုက်ရေးနေရရင် မလွယ်ပါဘူး ။ အဲဒီအတွက် Key signatures ကို အသုံးပြုရပါတယ် ။ Key signature ဆိုတာ Key တစ်ခုမှာပါဝင်တဲ့ flat / sharp တွေကို စုစည်းဖော်ပြထားတဲ့ အမှတ်အသားတစ်ခုပါ ။ တီးခတ်မယ့်တေးသွားဟာ ဘယ်scaleကို အခြေခံရေးဖွဲ့ထားလဲ ၊ ဘယ်keyကို တီးခတ်ရမလဲ ဆိုတာကို သူကဖော်ပြပေးတာပါ ။ သူ့ကို ရေးသားပုံက ... Clef sign နှင့် time signature တို့ရဲ့ကြားမှာ ရေးရပါတယ် ။
ပုံမှာတွေ့ရတဲ့အတိုင်း Natural key ခေါ်တဲ့ C major key မှအပ တခြား keyများ အားလုံး Accidentals (flat/sharp)များ ပါဝင်ကြတယ် ။ အဲဒါတွေကို ဘယ်လိုရေးမလဲ ... ဘယ်လိုတီးခတ်မလဲဆိုရင် .... ဥပမာ ၁ - G major scale ဖြင့် ရေးဖွဲ့ထားတဲ့ တေးသွားတစ်ပုဒ် ကို ရေးသား (သို့) တီးခတ်မယ် ဆိုပါတော့ ။ G major scale မှာ 1 sharp ပါဝင်ပြီး ၊ ပါဝင်တဲ့ sharp မှာ F# ဖြစ်တယ် ။ အဲဒါကြောင့် Staff ရဲ့ 5th line (F) မှာ sharp sign ကို key signature အဖြစ် ရေးရပါမယ် ။ အဲဒီ F# note ဟာ ... တေးသွားတစ်ပုဒ်လုံးအတွက် ကိုယ်စားပြုပါတယ် ။ ထိုkey တစ်ခုလုံး ၊ တေးသွားတစ်ပုဒ်လုံးမှာ ပါဝင်တဲ့ F note အားလုံးကို (တခြား accidental အမှတ်အသား မပြမချင်း) sharp လုပ်ပြီး တီးရပါမယ် ။ သဘောကတော့ ... staff ၅လိုင်းထဲမှာ F note များကို sharp မပြထားပေမယ့် ၊ Key signature မှာ F# ပြထားတဲ့အတွက် ၊ Staff ၅လိုင်းထဲက F note အားလုံးကို F# အဖြစ် သတ်မှတ်တီးခတ်ရပါမယ် ။ နောက် ဥပမာတစ်ခု ထပ်ကြည့်လိုက်ပါအုံး ။ဥပမာ ၂ - A major key ကို တီးမယ်ဆိုပါတော့ ။ ဒါဆိုရင် A major scale မှာ ပါဝင်တဲ့ Sharp တွေကို သိထားရပါမယ် ။ A major scale မှာ ပါဝင်တဲ့ sharp ၃ခု က F# , C# , G# ။ အဲဒီ၃ခုကို key signature အဖြစ် ရေးရပါမယ် ။ အဲဒီနောက် တေးသွားတစ်ပုဒ်လုံးမှာ ပါဝင်တဲ့ F , C , G note အားလုံးကို sharp လုပ်ပြီး တီးရပါမယ် ။ တေးသွားထဲမှာ F , C , G note တွေကို sharp အမှတ်အသား ပြစရာ မလိုတော့ဘူး ။ Key signature မှာ ပြထားပြီး ဖြစ်တဲ့အတွက် F , C , G note တွေကို တွေ့တဲ့အခါတိုင်း F# , C# , G# လို့ အလိုလို သိထားရပါမယ် ။ sharp လုပ်ပြီး တီးရပါမယ် ။ ဒီလောက်ဆို သဘောပေါက်မယ် ထင်ပါတယ် ။ ကျန်တဲ့ keyတွေလည်း ဒီလိုပါပဲ ။ Key signature များကို ရေးသားတဲ့အခါ Circle of Fourth and Fifth မှာ ကျက်မှတ်ခဲ့တဲ့အတိုင်း sharp , flat များကို အစဉ်လိုက် နေရာတကျ ရေးသားပေးရပါတယ် ။ ဥပမာ - Db Key အတွက် ရေးမယ်ဆိုရင် clef sign ရှေ့နားက staff line ပေါ်မှာ Bb , Eb , Ab , Db , Gb ဆိုပြီး အစဉ်လိုက် ရေးပေးရပါတယ် ။ ပါဝင်တဲ့ Accidental များနဲ့ ရေးရမယ့် အစီအစဉ်ကို အောက်က စာ၂ကြောင်းနဲ့ တွဲပြီး ကျက်ထားလိုက်ပါ ။
Sharp အတွက် - Funky Cows Get Down And Eat Breakfast
Flat အတွက် - Being Ethereal After Death, Ghosts Can Fly
( Key တစ်ခုချင်းကို ဘယ်လိုရေးတယ်ဆိုတာ အပေါ်က ပုံထဲမှာ လေ့လာကြည့်ပါ ။ ပြီးရင် ရေးကျင့်ကြည့်ပါ ။ အခုတွေ့ခဲ့ကြတဲ့ key အားလုံးဟာ major key တွေပါ ။ ၄င်းတို့နှင့်ဆက်စပ်နေတဲ့ Relative key / minor key များအကြောင်း ကိုလည်း သိထားသင့်ပါတယ် ။ )
Relative keys
Relative key ဆိုတာ ... major နှင့် minor scales တို့မှာ Root / tonic မတူညီကြသော်လည်း key signature တစ်ခုတည်းကိုသာ အတူတကွအသုံးပြုကြသော key များကို ဆိုလိုတာပါ ။ Major scale ရဲ့ 6th degree ဖြင့်စတဲ့ Minor scaleများမှာ Relative scale ဖြစ်၍ Relative key ပင်ဖြစ်ပါသည် ။ ဥပမာ - C major scale ရဲ့ 6th degree ဖြင့်စတဲ့ A minor scale ဟာ C major scale ရဲ့ Relative minor scale ဖြစ်ပြီး ၊ Relative minor key လည်း ဖြစ်ပါတယ် ။ အလွယ်ဆုံးမှတ်သားဖို့ကတော့ ... Major scale ရဲ့ 6th degree ( ၆လုံးမြောက် နုတ်) ဟာ Relative minor ပါပဲ ။ ဒါကြောင့် scale တိုင်းရဲ့ 6th degree ကို မှတ်မိနေဖို့ လိုပါတယ် ။
အောက်မှာ ဖော်ပြပေးထားတဲ့ ဇယားကွက်မှာ လေ့လာနိုင်ပါတယ် ။
ဒီနေ့တော့ ဒီလောက်ပါပဲ ခင်ဗျာ ။ key signature များကို ရေးသားပြီးလေ့ကျင့် ၊ Relative key များကိုလည်း တူရိယာဖြင့် တွဲခတ်ပြီး လေ့ကျင့်ရင် ပိုပြီး မှတ်မိနိုင်ပါတယ် ။ ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)
No comments:
Post a Comment